နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (04)

နိုင်ငံတကာဆုရဓာတ်ပုံတွေကို ဘယ်လိုတွေ ဖန်တီးရိုက်ကူးခဲ့တယ်၊ ဘယ်လိုအတွေ့အကြုံတွေ ရခဲ့တယ်၊ ဘာဆုတွေရခဲ့လဲဆိုတာကို စိတ်ရင်းနဲ့ ရေးသားဖော်ပြထားပါတယ်

ABOUT INTERNATIONAL AWARD-WINNING PHOTOS

Aung Chan Thar

10/6/20231 min read

နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (၁)

About International Award-Winning Photos (01)

ဓာတ်ပုံတစ်ပုံက ကျနော့်ဘဝအတွက် ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခုကို ဖန်တီးပေးခဲ့ဖူးပါတယ်၊ အဲ့ဒီဓာတ်ပုံလေးက အခု နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (၄) မှာ ပြောပြမယ့် ဒီဓာတ်ပုံလေးပါပဲ၊ ကန်ရေပြင်ထက်မှာ ငါးဖမ်းသမားနဲ့အတူ ဝမ်းစာရှာနေကြတဲ့ ငှက်လေးတွေရဲ့ Moment တစ်ခုကို ဖမ်းယူထားတာပါ

ဒီဓာတ်ပုံလေးအကြောင်းကို ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ 2019 လောက်ကို ပြန်သွားရမှာပါ၊ အဲ့တုန်းက ကျနော်က ဓာတ်ပုံကို ဝါသနာပါကာစ၊ ကင်မရာကို စကိုင်ဖူးကာစ အချိန်ပဲ ရှိပါသေးတယ်၊ အဲ့ဒီမှာ ကျနော့်ရဲ့ လက်ဦးဆရာနဲ့ သူ့ရဲ့သင်တန်းသား ဝါသနာတူညီအစ်ကိုတွေနဲ့ ဖယ်ခုံမြို့က မိုးဗြဲအင်းကြီးထဲမှာ ဓာတ်ပုံတွေအတူ ရိုက်ခဲ့ကြပါတယ်၊ မိုးဗြဲအင်းက အင်းလေးရေကန်နဲ့ တစ်ဆက်တည်း ဖြစ်ပါတယ်၊ အဲ့ဒီမိုးဗြဲအင်းကနေ အင်းလေးကို လှေနဲ့လည်း သွားခဲ့ဖူးပါတယ်၊ အင်းလေးမှာ ဆောင်းခိုငှက်တွေရှိသလို မိုးဗြဲအင်းမှာလည်း ဆောင်းခိုငှက်တွေ ရှိပါတယ်၊ ဆောင်းခိုငှက်ဆိုတာက တစ်နှစ်တစ်ခါ မြန်မာပြည်ကိုလာပြီး ဆောင်းခိုကြတဲ့ ငှက်တွေမို့ ဆောင်းခိုငှက်လို့ ခေါ်တာပါ၊ ဆောင်းတွင်းဆို သူတို့နေထိုင်တဲ့နေရာတွေက အရမ်းအေးလွန်းလို့ ကျနော်တို့ နိုင်ငံလို ဆောင်းတွင်းမှာ အတန်အသင့်အေးတဲ့ နေရာတွေမှာ လာနေကြတာ ဖြစ်ပါတယ်

ဒီဓာတ်ပုံလေးကို ရိုက်ပြီး လအနည်းငယ်ကြာတော့ ရှမ်းပြည်နယ်ဓာတ်ပုံအသင်းက ကျင်းပတဲ့ မြန်မာပြည်လုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲရဲ့ ရှမ်းပြည်နယ်အလှကဏ္ဍမှာ နှစ်သိမ့်ဆု ရလိုက်ပါသေးတယ်၊ အဲ့တုန်းက ဓာတ်ပုံကလည်း သိပ်မရိုက်တတ်၊ ပုံကလည်း သိပ်မပြင်တတ်သေးတာမို့ အမှတ်နည်းပြီး နှစ်သိမ့်ဆုပဲ ရခဲ့ပါတယ်၊ ပထမဆုံးရဖူးတဲ့ ပြည်တွင်းဆုလို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် တကယ်ဆုကြီးရတာက ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် ASEAN Centre for Biodiversity (ACB) ကပြုလုပ်တဲ့ Zooming in on Biodiversity ASEAN-Wide Photo Contest 2021 မှာ First Prize Winner ဆုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်၊ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ 1500 ရရှိခဲ့ပါတယ်၊ တကယ်တော့ အဲ့ပြိုင်ပွဲမှာ People Choice Award ဆုကိုလည်း တစ်ခြားဓာတ်ပုံတစ်ပုံနဲ့ ရရှိခဲ့ပါသေးတယ်၊ People Choice Award အတွက် ဆုကြေးက အမေရိကန်ဒေါ်လာ 300 ရရှိခဲ့ပါတယ်၊ နှစ်ဆုပေါင်း 1800 ရရှိခဲ့တာပါ

အဲ့ဒီဓာတ်ပုံလေးနဲ့ ဆုရခဲ့တာက အဲ့မှာတင် ရပ်မသွာပဲ ကျနော့်အတွက် အခွင့်အလမ်းတွေ အများကြီးထပ်ရလာခဲ့ပါတယ်၊ 2022 မှာ ASEAN Centre for Biodiversity (ACB) က Young ASEAN Storyteller လို့ခေါ်တဲ့ Program တစ်ခု ပြုလုပ်ခဲ့ပါတယ်၊ အဲ့ဒီ Program မှာ အာဆီယံ (၁၀) နိုင်ငံမှာရှိတဲ့ လူငယ်တွေက ကိုယ့်နိုင်ငံက ASEAN Heritage Park တွေမှာရှိတဲ့ Biodiversity, Lifestyle, Culture တွေကို ထိန်းသိမ်းကာကွယ်ဖို့ ကိုယ်အားသန်ရာ ပညာရပ်နဲ့ Story တစ်ပုဒ်ဖန်တီးရတာ ဖြစ်ပါတယ်၊ Photography, Videography, Art, Music, Craft စသဖြင့် အားလုံးပါပါတယ်၊ ကျနော်ကတော့ ဓာတ်ပုံပညာနဲ့ ပါဝင်ပြီး အင်းလေးကန်ကြီးအကြောင်းကို Story တစ်ပုဒ်ပြုလုပ်ခဲ့ပါတယ်၊ စိတ်ဝင်စားရင် ဒီ Link ကနေ သွားရောက်ကြည့်ရှုလို့ ရပါတယ်

https://stories.aseanbiodiversity.org/storytellers/aung-chan-thar/

အစကတော့ ကျနော်က ဒီ Program စိတ်မဝင်စားခဲ့ပါဘူး၊ အဲ့လို Program တွေနဲ့လည်း တစ်ခါမှ မလုပ်ဖူးတော့ မလုပ်ရဲတာလည်း ပါပါတယ်၊ ဒါပေမယ့် ASEAN Centre for Biodiversity (ACB) က Instagram Account ကနေ ဝင်လျှောက်ကြည့်ပါလားလို့ Message ပို့လာပါတယ်၊ ကျနော်က သူတို့ပြိုင်ပွဲမှာ ဆုရဖူးတော့ ကျနော့်ကို သူတို့က သိနေကြပါတယ်၊ အဲ့တာနဲ့ လျှောက်ကြည့်တော့ အရွေးခံရပြီး အင်းလေးမှာ တစ်ပါတ်လောက်နေပြီး အဲ့ဒီ ဓာတ်ပုံ Story ကို ရိုက်ကူးခဲ့ပါတယ်၊ အဲ့တုန်းက အင်းလေးကို တီချယ်ဥမ္မာခိုင်လည်း လိုက်လာပြီး ကျနော့်ကို အများကြီးကူညီခဲ့ပါတယ်၊ သူက အဲ့ချိန်တုန်းက ASEAN Centre for Biodiversity (ACB) မှာ Part Time အလုပ်လုပ်နေခဲ့တာပါ

အဲ့ဒီ Program လုပ်ရင်း အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပြီး အာဆီယံ (၁၀) နိုင်ငံက လူငယ်တွေနဲ့လည်း မိတ်ဆွေဖြစ်ခဲ့ကြပါတယ်၊ Program ပြီးသွားတဲ့အခါမှာ လူငယ်အားလုံးကို အင်ဒိုနီးရှားနိုင်ငံ Bogor မြို့ကို ဂုဏ်ပြုပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်၊ အဲ့ဒီ အင်ဒိုနီးရှားခရီးစဥ်က ကျနော့်ဘဝအတွက် ပထမဆုံးနိုင်ငံခြား ခရီးစဥ်ဖြစ်ခဲ့ပြီး ကျနော်အရမ်းသွားချင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ Bromo မီးတောင်ကို ဓာတ်ပုံသွားရိုက်နိုင်ခဲ့ပါတယ်၊ အင်ဒိုနီးရှားခရီးစဥ်အတွက် လေယာဥ်စရိတ်ကအစ ဟိုတယ်၊ အစားအသောက်အားလုံးကို သူတို့က စီစဥ်ပေးခဲ့ပါတယ်၊ Program လုပ်နေတဲ့ကာလ အင်းလေးခရီးစဥ်မှာလည်း ကုန်ကျစရိတ်အားလုံကို သူတို့က ကုန်ကျခံပေးခဲ့ပါတယ်၊ Professional fees အတွက်လည်း အမေရိကန်ဒေါ်လာ 1500 ပေးခဲ့ပါတယ်၊ Bromo မီးတောင်ခရီးစဥ်က ကြုံတုန်း ကိုယ့်စရိတ်နဲ့ ကိုယ်သွားခဲ့တာပါ

အဲ့ဒီ Young ASEAN Storyteller Program ပြီးသွားတဲ့အချိန်မှာ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရခဲ့ပြန်ပါတယ်၊ အဲ့တာကတော့ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝမျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူငယ်တွေကို ဓာတ်ပုံပညာနဲ့ အသိပညာပေးတဲ့ Conservation Photography Workshop for Myanmar Youths ဆိုတဲ့ Project တွေကို ပြုလုပ်ဖို့ သူတို့က Support ပေးခဲ့ပြန်ပါတယ်၊ ကျနော်လည်း ဘားအံ၊ အင်းလေး၊ အင်းတော်ကြီး နေရာသုံးနေရာမှာ ဒီ Conservation Photography Workshop တွေ ပြုလုပ်ပေးခဲ့ပါတယ်၊ နေရာတစ်ခုမှာ ဒေသခံလူငယ်ပေါင်း ၂၅ ယောက်ကို Workshop တက်ရောက်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝမျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူငယ်တွေကို ဓာတ်ပုံပညာနဲ့ ဘယ်လို အသိပညာပေးရမလဲဆိုတာတွေကို သင်ကြားမျှဝေပေးခဲ့ပါတယ်၊ Biodiversity ဆိုင်ရာ အသိပညာတွေကိုတော့ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ပြီး မျှဝေစေခဲ့ပါတယ်

အဲ့ဒီ Conservation Photography Workshop တွေ ပြီးသွားတော့ ရန်ကုန်မှာ ဓာတ်ပုံပြပွဲတစ်ခုလည်း ပြသခဲ့ပြီး Conservation Photography စာအုပ်ကိုလည်း ရေးသားထုတ်ဝေခွင့် ရခဲ့ပါတယ်၊ ကျနော့် ဘဝအတွက် ပထမဆုံးဓာတ်ပုံပြပွဲနဲ့ ပထမဆုံးဓာတ်ပုံစာအုပ် ဖြစ်ပါတယ်၊ အဲ့ဒီ Project ကာလတွေမှာလည်း ကျနော့်ကို ထိုက်တန်တဲ့ Professional fees လည်းပေးခဲ့ပြီး ကျနော်ရဲ့ Workshop တွေမှာ ပါဝင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ Tour Guide, Birds Girds တွေ၊ Assistant တွေလည်း ထိုက်သင့်တဲ့ Professional fees တွေ ရရှိခဲ့ကြပါတယ်၊ သင်တန်းလာတက်တဲ့ လူငယ်တွေလည်း အသိပညာတွေအပြင် အစားအသောက်၊ မုန့်ဖိုးတွေပါ ရရှိခဲ့ကြပါတယ်၊ အဲ့ဒီချိန်ကာလတွေက ကျနော်တို့နိုင်ငံအတွက် ခက်ခဲတဲ့အချိန်ကာလတွေ ဖြစ်ခဲ့တာမို့ တော်တော်ကို အကျိုးရှိခဲ့တဲ့ Project လေးတစ်ခု ဖြစ်ခဲ့ပါတယ်၊ ဒီ Project တွေကို အောင်မြင်စွာနဲ့ ပြီးစီးအောင် အစစအရာရာ ကူညီပေးခဲ့တဲ့ တီချယ်ဥမ္မာခိုင်နဲ့ ပါဝင်သူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်

ဒီလိုများပြားတဲ့ အခွင့်အရေးတွေ တစ်ခုပြီးတစ်ခု ရရှိစေခဲ့တာက ဒီဓာတ်ပုံလေးက အစပြုခဲ့တာလို့ ဆိုနိုင်ပါတယ်၊ ဒီဓာတ်ပုံလေးက အစပြုပြီး Project လုပ်ရင်း အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့လို့ နိုင်ငံတွေကိုလည်း သွားရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်၊ အာဆီယံနိုင်ငံတွေက အကြီးအကဲတွေ၊ လူငယ်တွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပြီး ဘဝမှာ တစ်ခါမှမရဖူးသေးတဲ့ နိုင်ငံတကာအတွေ့အကြုံတွေကို အများကြီး ရရှိခဲ့ရပါတယ်

တစ်ခါတစ်လေကျရင် ကိုယ်ဘာမှ သိပ်ပြီး မသိ၊မတတ်သေးခင်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကလည်း ကိုယ့်ဘဝကို အများကြီး အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့်မို့ ကိုယ်ဟိုးအရင်က ရိုက်ထားဖူးတဲ့ ဓာတ်ပုံလေးတွေကိုလည်း သေချာသိမ်းထားပြီး မကြာမကြာ ပြန်ကြည့်သင့်ပါတယ်၊ သင့်တော်တဲ့ ဓာတ်ပုံပြိုင်ပွဲတွေ တွေ့ရင် သေချာ Edit ပြန်လုပ်ပြီး ပြိုင်ပွဲဝင်မယ်ဆို ဒီလိုနိုင်ငံတကာ ဓာတ်ပုံဆုကြီးတွေ ရရှိနိုင်ပြီး ကိုယ်မမျှော်မှန်းထားတဲ့ အခွင့်အရေးတွေလည်း ရရှိနိုင်ပါတယ်၊ ဒါက ဒီဓာတ်ပုံလေးကြောင့် ရရှိလာတဲ့ ဘဝအတွေ့အကြုံတစ်ခု ဖြစ်ပါတယ်

အားလုံးလည်း ကိုယ်ဝါသနာပါရာကိုလုပ်ရင်း ကောင်းမွန်တဲ့ အခွင့်အရေးတွေ များစွာရရှိကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်

https://www.aseanbiodiversity.org/2022/01/31/winners-of-aseans-sixth-zooming-in-on-biodiversity-bared/

Zooming in on Biodiversity ASEAN-Wide Photo Contest 2021

We Are ASEAN Biodiversity - First Place Winner – Together = USD 1500

ရေးသားသူ - အောင်ချမ်းသာ