နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (03)

နိုင်ငံတကာဆုရဓာတ်ပုံတွေကို ဘယ်လိုတွေ ဖန်တီးရိုက်ကူးခဲ့တယ်၊ ဘယ်လိုအတွေ့အကြုံတွေ ရခဲ့တယ်၊ ဘာဆုတွေရခဲ့လဲဆိုတာကို စိတ်ရင်းနဲ့ ရေးသားဖော်ပြထားပါတယ်

ABOUT INTERNATIONAL AWARD-WINNING PHOTOS

Aung Chan Thar

10/6/20231 min read

နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (၁)

About International Award-Winning Photos (01)

ဒီတစ်ခါမှာတော့ ကျနော့်ဘဝမှာ ပထမဆုံးနဲ့ ဆုကြေးအများဆုံးရဖူးတဲ့ ဓာတ်ပုံလေးအကြောင်းကို ပြောပြချင်ပါတယ်၊ ဒီဓာတ်ပုံလေးနဲ့ Xiaomi ကပြုလုပ်တဲ့ Xiaomi Imagery Awards 2021 မှာ Grand Prize Winner ဆုကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်၊ အဲ့နှစ်တုန်းက ဓာတ်ပုံပြိုင်ပွဲခေါင်းစဥ်က Happy Moment ဖြစ်ပါတယ်၊ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ 5000 ရရှိခဲ့ပြီး အဲ့ချိန်တုန်းက ပေါက်စျေးနဲ့ဆို မြန်မာငွေ သိန်းတစ်ရာလောက် ရရှိခဲ့ပါတယ်၊ ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း သိန်းနဲ့ချီတဲ့ Mobile ဓာတ်ပုံပြိုင်ပွဲတွေမှာ အခုလို အမြင့်ဆုံးဖြစ်တဲ့ Grand Prize Winner ဆုကြီးကို ရရှိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ဒီလိုလုပ်နိုင်ခဲ့လို့လည်း ကိုယ့်ကိုယ်ကို အားရဂုဏ်ယူမိပါတယ်

ဆုရဓာတ်ပုံလေးအကြောင်း မပြောခင် Xiaomi ဓာတ်ပုံပြိုင်ပွဲတွေအကြောင်းကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်၊ တရုတ်နိုင်ငံက Mobile Phone Company တစ်ခုဖြစ်တဲ့ Xiaomi က အခုလို International ဓာတ်ပုံပြိုင်ပွဲတွေကို နှစ်စဥ်ကျင်းပပြုလုပ်ပေးလေ့ ရှိပါတယ်၊ ဆုကြေးတွေကလည်း အမေရိကန်ဒေါ်လာ 5000, 10000 တွေအပြင် သူတို့ရဲ့ နောက်ဆုံးထွက်ဖုန်းတွေကို နှစ်သိမ့်ဆုအဖြစ် ပေးလေ့ရှိပါတယ်၊ ဒီ Xiaomi ဓာတ်ပုံပြိုင်ပွဲက မြန်မာက ဓာတ်ပုံတွေနဲ့ ကံစပ်တယ်လို့ ပြောလို့ရပါတယ်၊ နှစ်တိုင်းလိုလို မြန်မာက ဓာတ်ပုံဆရာတွေ ဒီဓာတ်ပုံပြိုင်ပွဲမှာ ဆုရတတ်ကြပါတယ်၊ ကျနော့်လိုမျိုး Grand Prize Winner ဆုကြီးကို ကျနော်ရှေ့မှာ မြန်မာက နှစ်ယောက်တောင် ရဖူးကြပါတယ်၊ ကျနော်ရပြီးတဲ့ နောက်နှစ်မှာလည်း မြန်မာက Grand Prize Winner ဆုကြီးကို ထပ်ရပါသေးတယ်၊ သူကတော့ ကံကောင်းပါတယ်၊ သူရတဲ့နှစ်မှာ ဆုကြေးက အမေရိကန်ဒေါ်လာ 10000 ဖြစ်သွားပါတယ်၊ ကျနော်က အဲ့နှစ်မှာ Outstanding Prize နှစ်ဆု ထပ်ရခဲ့ပါသေးတယ်၊ အဲ့ဆုအတွက် Xiaomi 12 ဖုန်းနှစ်လုံးကို ဆုကြေးအဖြစ် ထပ်ရရှိခဲ့ပါတယ်၊ နှစ်နှစ်ဆက် ဆုရခဲ့တယ်လို့ ဆိုရမှာပါ

Xiaomi နဲ့ ကျနော်က ရေစက်ပါတယ်လို့ ဆိုနိုင်ပါတယ်၊ ဘာလို့ဆို ကျနော် ဒီလိုဓာတ်ပုံလောကထဲ ရောက်လာရတာလည်း Xiaomi ကြောင့်လို ဆိုနိုင်ပါတယ်၊ 2017 လောက်တုန်းက ကျနော်ဓာတ်ပုံပညာကို ဝါသနာပါမှန်း မသိခဲ့သေးပါဘူး၊ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့က ဦးလေးကြီးတစ်ယောက် သူ့ Facebook Account မှာတင်တဲ့ ဓာတ်ပုံလေးတွေကိုတော့ သဘောကျမိလို့ Save ထားတတ်ပါတယ်၊ အစကတော့ အဲ့ဒီဓာတ်ပုံတွေကို ကင်မရာကြီးတွေနဲ့ ရိုက်တယ်ပဲ ထင်ခဲ့တာပါ၊ နောက်ပိုင်း ရင်းနှီးသွားမှ မေးကြည့်တော့ ဖုန်းနဲ့ရိုက်ထားတယ်ဆိုတာ သိခဲ့ရတာပါ၊ အဲ့တုန်းက Mobile Photography တွေလည်း သိပ်ပြီး ခေတ်မစားသေးတော့ ဖုန်းနဲ့ ဓာတ်ပုံရိုက်လို့ရမှန်းတောင် သေချာမသိခဲ့ပါဘူး၊ သူက ဖုန်းနဲ့ရိုက်ထားတာပါလို့ပြောမှ အံ့သြပြီး စတင်စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်

အဲ့ချိန်တုန်းက Xiaomi က မြန်မာပြည်မှာ Redmi Note Series တွေ စတင်ရောင်းချနေပါပြီ၊ ကျနော်လည်း ဖုန်းနဲ့ စမ်းရိုက်ကြည့်ချင်တာကြောင့် Redmi Note 3 ဖုန်းလေးကို ဝယ်ပြီး မြင်သမျှ လိုက်ရိုက်မိနေတော့ပါတယ်၊ ဓာတ်ပုံသင်တန်းတွေလည်း သိပ်ပြီးမပေါများသေးတဲ့ အချိန်ဖြစ်တာကြောင့် ကိုယ်ထင်ရာမြင်ရာကိုပဲ ရိုက်ခဲ့ရပါတယ်၊ ပတ်ဝန်းကျင်မှာလည်း အဲ့လိုသင်ပေးတဲ့ ဓာတ်ပုံဆရာအသိတွေလည်း မရှိခဲ့ပါဘူး၊ မြင်သမျှလိုက်ရိုက်နေလို့ ပတ်ဝန်းကျင်က ကြောင်တောင်တောင်နဲ့ ရူးနေပြီလားလို့တောင် ပြောကြတဲ့ထိပါပဲ

နောက်တော့ Xiaomi က Mi A1 ဖုန်းတစ်လုံးကို ထုတ်ပြီး အဲ့ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ပြိုင်ရမယ့် နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတစ်ခုကို ကျင်းပပေးပါတယ်၊ ဆုကြေးကလည်း အမေရိကန်ဒေါ်လာသောင်းချီပြီး ပေးတာကြောင့် လူတော်တော်များများလည်း စိတ်ဝင်စားသွားကြပါတယ်၊ အဲ့ချိန်တုန်းက Mobile ဓာတ်ပုံပြိုင်ပွဲတွေကို ဒေါ်လာသောင်းချီပြီး ပေးတဲ့ဓာတ်ပုံပြိုင်ပွဲဆိုတာ မရှိသေးပါဘူး၊ Xiaomi ရုတ်တရက်ကြီး ထလုပ်လိုက်တော့ လူတွေဟာ Xiaomi ဖုန်းတွေကို စိတ်ဝင်စားသွားကြပါတယ်၊ Xiaomi ကလည်း အဲ့လို စိတ်ဝင်စားအောင် Mobile လောကကို Camera နဲ့ ထိုးဖောက်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်၊ ခုဆို Xiaomi ဆိုတာနဲ့ စျေးနှုန်းသင့်တင့်ပြီး ဓာတ်ပုံကောင်းကောင်းရိုက်လို့ရတဲ့ ဖုန်းဆိုပြီး လူတိုင်း သတိထားမိနေကြပါပြီ

ကျနော်လည်း အဲ့ပြိုင်ပွဲကို စိတ်ဝင်စားမိတာကြောင့် ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဆုံးဖြတ်ချက်သာ ချခဲ့ရတာပါ၊ အဲ့တုန်းက ဓာတ်ပုံပညာအခြေခံ Knowledge လည်းမရှိ၊ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ အတွေ့အကြုံလည်းမရှိ၊ English စာတောင် ကောင်းကောင်းမရတဲ့ အခြေအနေပါ၊ ဒါပေမယ့်လည်း ပြိုင်မယ်လို့ ဆုံးဖြတ်ထားတာကြောင့် လက်ထဲရှိတဲ့ ဖုန်းကို ၁သိန်းနဲ့ရောင်း၊ အမေ့ဆီက မုန့်ဖိုး ၁သိန်းတောင်း၊ ဆုထားတဲ့ ၁သိန်းကို ထုတ်ပြီး အားလုံးပေါင်း ၃သိန်းနဲ့ Mi A1 ဖုန်းတစ်လုံး ဝယ်လိုက်ပါတော့တယ်၊ Mi A1 ဖုန်းက သုံးသိန်းပဲဆိုပေမယ့် ဓာတ်ပုံကတော့ တစ်ခြားဖုန်းတွေထက်စာရင် ကောင်းကောင်းရိုက်လို့ရပါတယ်၊ ကျနော်လည်း မြင်သမျှ လိုက်ရိုက်ပြီး ပြိုင်ပွဲကို မပြိုင်တတ်ပြိုင်တတ်နဲ့ ဝင်ပြိုင်ခဲ့ပါတယ်၊ အဲ့တုန်းက English အခက်အခဲရှိလို့ ကူညီပေးခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း ကောင်းကောင်းမှတ်မိနေပါသေးတယ်

ပြိုင်ပွဲကာလအတွင်းမှာ ကောင်းနိုးရာရာဓာတ်ပုံတွေကို Xiaomi Facebook Page မှာ တင်ပေးပါတယ်၊ အဲ့ဒီမှာ မြန်မာပြည်က အကိုတစ်ယောက်ရဲ့ ပုံကို တင်ထားတာတွေတော့ သဘောကျမိပြီး သူ့အကောင့်ကို ရှာပြီး မိတ်ဆက်ခဲ့ပါတယ်၊ ဓာတ်ပုံနဲ့ ပတ်သတ်ပြီး မသိတာတွေရော၊ ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး မသိတာတွေရော သူ့ကို အားလုံးမေးခဲ့ပါတယ်၊ သူကလည်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ သူက ကျနော့်ကို လိုင်းပေါ်ကနေပဲ ဓာတ်ပုံအကြောင်း သင်ပေးခဲ့တာကြောင့် ကျနော့်ရဲ့ ပထမဆုံးလက်ဦးဆရာ ဖြစ်လာခဲ့ပါတယ်၊ အဲ့ဒီဓာတ်ပုံပြိုင်ပွဲမှာ ဆရာက ဒုတိယဆုကြီးကို ရရှိခဲ့ပါတယ်၊ ကျနော်က Finalists ၄ ပုံပါပြီး Global Top 100 စာရင်းထဲကို နှစ်ပုံပါဝင်ခဲ့ပါတယ်၊ အဲ့ဒီမှာ ပြိုင်ပွဲပိုးက ဝင်လာပြီး ခုချိန်ထိကို ပြိုင်ပွဲတွေ ပြိုင်ဖြစ်နေတာ ဖြစ်ပါတယ်

ပြိုင်ပွဲပိုးဝင်ပြီး နောက်ပိုင်းမှာတော့ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေအကြောင်း သင်ပေးတဲ့ ဆရာ Thigh Wanna ဆီမှာ အွန်လိုင်းကနေ ပြိုင်ပွဲတွေအကြောင်း လေ့လာသင်ကြားခဲ့ပါတယ်၊ အဲ့ဒီသင်တန်းက ကျနော့်ဘဝကို လုံးဝအပြောင်းအလဲကြီး ဖြစ်စေခဲ့ပြီး နိုင်ငံတကာဓာတ်ပုံဆုတွေလည်း ဆက်တိုက်ရရှိစေခဲ့ပါတယ်၊ ခုဆို နိုင်ငံတကာဓာတ်ပုံဆုပေါင်း ၁၀၀ ကျော်ရရှိထားပြီး ၂၀ ကျော်လောက်က ဖုန်းနဲ့ ရိုက်ခဲ့တာ ဖြစ်ပါတယ်၊ ဖုန်းပြိုင်ပွဲတွေမှာလည်း Xiaomi အပြင် Huawei, Vivo, Honor, OnePlus, Samsung စတဲ့ Mobile Phone Company က ပြုလုပ်တဲ့ ဓာတ်ပုံပြိုင်ပွဲတွေမှာလည်း ဆုတွေ အသီးသီးရရှိထားပါတယ်၊ ဒါဟာ Xiaomi ကစတဲ့ ဇာတ်လမ်းပါပဲ

ကျနော်ဟာ Xiaomi နဲ့ ကံစပ်သလို Covid 19 နဲ့လည်း ကံပါတယ်ပြောရပါမယ်၊ ဘာလို့ဆို နိုင်ငံတကာဓာတ်ပုံဆု တော်တော်များများကို Covid 19 ကာလမှာ ရရှိခဲ့တာဖြစ်ပြီး အခုဆုကြေးအမြင့်ဆုံးရဖူးတဲ့ ဒီဓာတ်ပုံကိုလည်း Covid 19 ကာလမှာ ရိုက်ခဲ့တာ ဖြစ်ပါတယ်၊ Covid 19 ကာလမှာ အလုပ်လည်းမရှိ၊ အပြင်လည်းမထွက်ရတော့ အွန်လိုင်းက ဓာတ်ပုံပြိုင်ပွဲတွေရှာပြီး ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်၊ အဲ့မှာ ဆုတွေတော်တော်များများ ဆက်တိုက်ရခဲ့ပါတယ်

ဒီဓာတ်ပုံလေးကိုလေးတော့ ရောဂါကြောက်ကြောက်နဲ့ စိတ်ရဲတင်းပြီး ရိုက်ခဲ့ရတာ ဖြစ်ပါတယ်၊ အဲ့တုန်းက ကျနော်က ပြိုင်ပွဲတွေပြိုင်နေတော့ Covid 19 နဲ့ ပတ်သတ်တဲ့ ဓာတ်ပုံပြိုင်ပွဲတွေ ခေါ်တာကို တွေ့ရပါတယ်၊ ဆုကလည်းလိုချင်၊ ဒီလိုပုံတွေကိုလည်း ရိုက်ဖူးချင်တာကြောင့် Covid 19 ကာလမှာ လူတွေကို အခမဲ့ကူညီပေးနေတဲ့ Volunteer တွေရဲ့ နေ့စဥ်ဘဝလှုပ်ရှားမှု ပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်၊ အဲ့ဒီမှာ သင့်တော်မယ့်ပုံလေးတွေကိုလည်း ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပါတယ်

Xiaomi ကပြုလုပ်တဲ့ ဓာတ်ပုံပြိုင်ပွဲမှာ ပေးထားတဲ့ ခေါင်းစဥ်က Happy Moment ဖြစ်ပါတယ်၊ အဲ့တာကြောင့် Covid 19 ကာလမှာလည်း ဒီလို ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေလည်း ရှိတယ်ဆိုတာကို ပြသချင်လို့ ဒီပုံလေးနဲ့ ဝင်ရောက်ယှက်ပြိုင်ဖြစ်ခဲ့ပါတယ်၊ အစကတော့ ဒီပုံကို ဆုကြီးရမယ်လို့ မထင်မိပါဘူး၊ ကံကောင်းစွာပဲ ပြိုင်ပွဲရဲ့သဘာဝအတိုင်း မထင်မှတ်ထားတဲ့ ပုံက Grand Prize Winner ဆုကြီးကို ရရှိခဲ့ပါတယ်၊ ပြိုင်ပွဲဆိုတာက အဲ့လိုပါပဲ၊ တစ်ခါတစ်လေမှာ ထင်ထားတဲ့ ပုံတွေက ဆုမရပဲ မထင်ထားတဲ့ပုံတွေက ဆုရတတ်ပါတယ်

Xiaomi ဓာတ်ပုံပြိုင်ပွဲက Xiaomi ဖုန်းနဲ့ ရိုက်တဲ့ပုံပဲ ပြိုင်လို့ရပါတယ်၊ ဒီပုံလေးကို ရိုက်ခဲ့တဲ့ ဖုန်းက ၄-၅သိန်းဝန်းကျင်သာရှိတဲ့ Redmi K30 Pro ဖုန်းလေးနဲ့ ဖြစ်ပါတယ်၊ ၄-၅သိန်းတန် ဖုန်းလေးက သိန်းတစ်ရာတန်ဖိုးရှိတဲ့ နိုင်ငံတကာဆုရဓာတ်ပုံတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်၊ ဒါဟာ အိပ်မက်မဟုတ်ပဲ လက်တွေ့ဖြစ်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုလည်း ပိုပြီး ယုံကြည်မှုတွေ ဖြစ်လာရပါတယ်၊ ဒါဟာ ကျနော့်အမြဲတမ်း ရူးမူးစွာရိုက်ခဲ့တဲ့ Mobile Photography က ပေးတဲ့ ဆုလာဒ်တစ်ခုပါပဲ

ဒီဓာတ်ပုံဆုနဲ့ ပတ်သတ်ပြီး ရခဲ့တဲ့ အတွေ့အကြုံကတော့ ဇွဲမလျှော့ဖို့ပါ၊ Xiaomi က Mobile ဓာတ်ပုံပြိုင်ပွဲကို ၆ပွဲတိတိ လုပ်ပေးခဲ့တဲ့အချိန်မှာ ပထမလေးပွဲမှာ ကျနော်ဘာဆုမှ မရခဲ့ပါဘူး၊ ကျနော် အသေအလဲ ကြိုးစားပြီးပြိုင်ခဲ့ပေမယ့်လည်း ၄ပွဲတိတိ ဘာဆုမှကို မရခဲ့တာပါ၊ ကျနော် စိတ်ဓာတ်တွေ အကြိမ်ကြိမ်ကျခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဇွဲမလျှော့ပဲ ဆက်ကြိုးစားခဲ့တာကြောင့် ၅ပွဲမြောက်မှာ ဒီပုံနဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Grand Prize Winner ဆုကြီးကို ရရှိခဲ့ပါတယ်၊ ဆက်ပြီး ၆ပွဲမြောက်မှာလည်း Outstanding Prize နှစ်ဆု ထပ်ရခဲ့ပါတယ်၊ အဲ့တုန်းက Xiaomi ပြိုင်ပွဲမှာ မြန်မာက နှစ်နှစ်ဆက်ရဖူးတဲ့သူဆိုလို့ ကျနော်တစ်ယောက်ပဲ ရှိပါတယ်၊ ဇွဲမလျှော့ပဲ ကြိုးစားခဲ့တဲ့ အကျိုးကျေးဇူးတွေပါပဲ

အားလုံးကိုလည်း ကိုယ်ယုံကြည်ရာကို ဇွဲမလျှော့ပဲ ကြိုးစားကြပါလို့ အားပေးတိုက်တွန်းလိုပါတယ်

https://event.mi.com/global/xiaomiImageryawards/

Xiaomi Imagery Awards 2021

Grand Prize Winner - Happy Moment – Hero = USD 5000

ရေးသားသူ - အောင်ချမ်းသာ