နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (02)

နိုင်ငံတကာဆုရဓာတ်ပုံတွေကို ဘယ်လိုတွေ ဖန်တီးရိုက်ကူးခဲ့တယ်၊ ဘယ်လိုအတွေ့အကြုံတွေ ရခဲ့တယ်၊ ဘာဆုတွေရခဲ့လဲဆိုတာကို စိတ်ရင်းနဲ့ ရေးသားဖော်ပြထားပါတယ်

ABOUT INTERNATIONAL AWARD-WINNING PHOTOS

Aung Chan Thar

10/6/20231 min read

နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (၂)

About International Award-Winning Photos (02)

ကျနော့် ဘဝမှာ အမှတ်တရအရှိဆုံး ဓာတ်ပုံလေးကို ပြောပါဆိုရင် ဒီဓာတ်ပုံလေးကိုပဲ ပြောရမှာပါ၊ ဒီဓာတ်ပုံလေးက ကျနော့်ကို ပထမဆုံး နိုင်ငံတကာဓာတ်ပုံဆုကြီးရစေခဲ့တဲ့အပြင် တခြားနိုင်ငံတကာ ဓာတ်ပုံဆုတွေလည်း အများအပြားရရှိစေခဲ့တဲ့ ပုံလေးလည်း ဖြစ်ပါတယ်၊ ဘဝမှာ ပထမဆုံး အင်းလေးဓာတ်ပုံခရီးစဉ်မှာ ရိုက်ခဲ့တဲ့ပုံလေးဆိုရင်လည်း မမှားပါဘူး၊ ဒီပုံလေးကို 2019 ဒီဇင်ဘာလ အင်းလေးခရီးစဉ်မှာ ရိုက်ခဲ့တာပါ၊ အဲ့တုန်းက ကျနော်က ဝါသနာပါကစဆိုတော့ ကင်မရာပစ္စည်းတွေလည်း အစုံအလင် သိပ်မရှိပါခဲ့ပါဘူး၊ အများစုက အတူသွားတဲ့ ဆရာသမားဆီက ငှားရိုက်ခဲ့ရဝာာပါ၊ အဲ့တုန်းက ဝါသနာတူဓာတ်ပုံဆရာ ညီအစ်ကိုတွေလည်း အများကြီးပါပြီး ပျော်စရာအတော်ကောင်းတဲ့ ဓာတ်ပုံခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်

ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေဆိုရင် အင်းလေးမှာ အလှဆုံးအချိန်လို့တောင် ပြောလို့ရပါတယ်၊ ခိုက်ခိုက်တုန်အောင် အေးပြီး ဆောင်းရာသီရဲ့ အရသာကို အပြည့်အဝ ခံစားရပါတယ်၊ အဲ့ဒီအချိန် ‌ကန်ရေပြင်မှာထနေတဲ့ ရေငွေ့လေးတွေဟာ နေရောင်ခြည်နွေးနွေးလေးအောက်မှာ ပြောမပြတတ်အောင် လှပလွန်းပါတယ်၊ ကျန်တဲ့အချိန်တွေဆို ရေငွေ့သိပ်မထပဲ အဲ့ဒီလတွေမှာမှ ရေငွေ့ထတာကြောင့် ဓာတ်ပုံသမားအများစုဟာ အဲ့ဒီချိန်ဆို အင်းလေကန်မှာ ခြေရှုပ်နေတတ်ကြပါတယ်၊ ဒါကြောင့် ရေငွေ့လေးတွေ ထနေတဲ့ အင်းလေးကန်ရဲ့ အလှကို ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် အဲ့ဒီလတွေမှာ အရောက်သွားပါ

ဒီဓာတ်ပုံ မြင်ကွင်းကလည်း အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံက ဓာတ်ပုံဆရာ တော်တော်များများမှာ ရှိပါတယ်၊ အင်းလေးအလှ၊ အင်းလေးဘဝတွေပါဝင်နေတာကြောင့် အင်းလေးရဲ့ မူပိုင်ဓာတ်ပုံလို့တောင် ပြောလို့ရပါတယ်၊ ကျနော်တို့လည်း အင်းလေးကို ပထမဆုံးရောက်ဖူးတာမို့ ရှေ့ကလူတွေ ရိုက်ဖူးလည်း ဒါမျိုးကို ရိုက်ဖူးအောင် ရိုက်ကြပါတယ်၊ ဘယ်လောက်ပဲ ရိုက်တာတူတယ်ပြောပြော ရိုက်တဲ့အချိန်မှာတော့ Camera Settings တွေကအစ သဘာဝပတ်ဝန်းကျင် အနေအထားတွေ၊ Lighting ကျရောက်ပုံတွေ၊ Composition တွေ၊ Subject တွေရဲ့ သက်ဝင်လှုပ်ရှားမှုတွေ၊ ဟန်ချက်ညီမှုတွေက မတူညီနိုင်ပါဘူး၊ တစ်နေရာတည်း တစ်ချိန်တည်းရိုက်ကြရင်တောင်မှ အမြင်နဲ့ အယူအဆမတူတာကြောင့် ကွဲပြားနိုင်ပါတယ်

အင်းလေးဓာတ်ပုံခရီးစဉ်တွေမှာ စီစဉ်ပေးတဲ့သူတွေက အင်းလေးရဲ့ရိုးရာ အငွေ့အသက်တွေပါဝင်တဲ့ ဒီလို ဓာတ်ပုံရိုက်ကွက်မျိုးတွေကို တစ်မျိုးမဟုတ် တစ်မျိုးပါအောင်တော့ စီစဉ်ပေးတတ်ကြပါတယ်၊ ရှေ့ကလူတွေမှာ ဒီလိုပုံတွေရှိနေပေမယ့်လည်း မရိုက်ဖူးတဲ့သူတွေကတော့ အမှတ်တရဖြစ်ဖြစ် ရိုက်ကူးချင်ကြပါတယ်၊ ဒါကြောင့် အင်းလေးဓာတ်ပုံခရီးစဉ် Join ဖူးတဲ့သူတွေဆိုရင် ဒီလိုပုံမျိုးတွေ အနည်းနဲ့အများရှိကြပါတယ်

ရိုက်တဲ့အခါမှာတော့ ငါးဖမ်းသမားတွေရဲ့ အုပ်စောင်းချကွက်ကို High angel ကနေ ရိုက်လို့ရအောင် ရေထဲမှာ ဝါးငြမ်းစင်ကြီး ‌ဆောက်ပေးထားပါတယ်၊ အဲ့လို High angel က ရိုက်မှသာလျှင် အုပ်စောင်းချကွက်ကို သေချာမြင်ရမှာဖြစ်ပြီး နောက်က Background နဲ့လည်း ထပ်မနေတော့ပဲ အင်းသားတွေရဲ့ ငါးဖမ်းဟန်ကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်၊ ကျနော်က ရိုက်ကူးတဲ့အခါမှာတော့ လူတွေပြုတ်မကျအောင် တားပေးထားတဲ့ ဝါးတန်းပေါ်ကို တက်ရိုက်ခဲ့ပါတယ်၊ ဝါးတန်းက ကျနော်တို့ ခါးလောက်ရှိတာကြောင့် အပေါ်ကို ထပ်ပြီးတက်ရိုက်လိုက်တော့ ပိုပြီးတော့မှ High angel ဖြစ်သွားပါတယ်၊ မသိရင် Drone shot ရိုက်ထားသလိုပါပဲ၊ အဲ့တုန်းက အသုံးပြုခဲ့တဲ့ Camera နဲ့ Lens က Nikon D810 နဲ့ 16-35mm Wide lens ဖြစ်ပါတယ်

အုပ်စောင်းချချိန်ဟာ အရမ်းမြန်တာ‌မို့ လှုပ်ရှားမှုအားလုံးကို ဖမ်းယူထားနိုင်အောင် Containus Shot နဲ့ ရိုက်ခဲ့ပါတယ်၊ ဒီလို ဓာတ်ပုံဆရာတွေ အများကြီးဝိုင်းရိုက်ရတဲ့ Photo trip တွေလိုက်ရိုက်ရင်တော့ Camera Settings ပိုင်နိုင်ဖို့နဲ့ ကိုယ်ရတဲ့အချိန်ကို အမိအရ ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ လိုအပ်ပါတယ်၊ အများနဲ့ရိုက်ရတာမို့ Main shot တွေဆို အလှည့်နဲ့ ရိုက်ရပါတယ်၊ အချိန်အကန့်အသတ်လည်း ရှိတတ်ပါတယ်၊ ဒါကြောင့် ကိုယ့်က အခြေခံတွေ မပိုင်နိုင်ဘူးဆိုရင် အခွင့်အရေးကောင်းကို လွတ်သွားနိုင်ပါတယ်၊ အနည်းဆုံးတော့ ကိုယ့်ကင်မရာနဲ့၊ ကိုယ်လိုချင်တာကို သေချာသိနေဖို့ အရေးကြီးပါတယ်

အဲ့တုန်းက UNESCO က ကြီးမှူးကျင်းပတဲ့ Youth Eye on the Silk Roads International Photo Contest 2019-2020 ကလည်း ဓာတ်ပုံပြိုင်ပွဲခေါ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်၊ ကျနော်လည်း အဲ့တုန်းက ကင်မရာကိုင်ဖူးခါစ၊ နိုင်ငံတကာပြိုင်ပွဲတွေ လေ့လာခါစပဲ ရှိပါသေးတယ်၊ အဲ့ဒီပြိုင်ပွဲက Silk roads နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေက 25 နှစ်အောက် လူ‌ငယ်တွေကို ပါဝင်ဖို့ ဖိတ်ခေါ်ထားတာပါ၊ ကျနော်တို့ မြန်မာနိုင်ငံက ရေလမ်းခရီးနဲ့ ထိစပ်နေတော့ ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်၊ အဲ့တုန်းက ဒီပုံလေးနဲ့ ကျနော်ဝင်ပြိုင်ဖြစ်တဲ့ ကဏ္ဍက Food production ဖြစ်ပါတယ်၊ ငါးဖမ်းတာကလည်း အစားအသောက်ထုတ်လုပ်မှုနဲ့ သက်ဆိုင်တာကြောင့်ပါ

ပြိုင်ပွဲကာလတစ်လျှောက်မှာလည်း ကျနော့်ကို ဒီပုံနဲ့ ပတ်သတ်ပြီး Email တွေ ခဏခဏပို့ပါတယ်၊ နောက်ပြီးတော့ Video call နဲ့ပါ ခေါ်ပြီး ဒီဓာတ်ပုံအကြောင်းကို အသေးစိတ်ပါ မေးပါတော့တယ်၊ ကျနော်ရိုက်ထားတယ်ဆိုတာကို သိပ်ပြီးတော့ မယုံကြည်လို့ ထင်မိပါတယ်၊ ဆရာကတော့ "ဒါဆုကြီး တစ်ခုခုချိတ်နေလို့ပဲ" လို့ ကြိုပြီးတော့ မှတ်ချက်ပေးပါတယ်၊ ဆရာပြောသလိုပဲ ဆုကြေငြာတော့ First prize ဆုကြီးကို ရရှိခဲ့ပါတယ်၊ ကျနော့်ဘဝအတွက် ပထမဆုံး နိုင်ငံတကာဓာတ်ပုံဆုကြီး ရဖူးတာပါပဲ၊ အဲ့တုန်းက အရမ်းပျော်လွန်းလို့ ထတောင် ခုန်မိပါတယ်၊ First prize အတွက် ဆုကြေးအဖြစ် Canon 800D Camera တစ်လုံးနဲ့ 18-55mm, 75-300mm lens နှစ်လုံးပေးပါတယ်၊ ပုံမှန်ဆို ဒီဓာတ်ပုံပြိုင်ပွဲက ဆုရတဲ့လူငယ်တွေကို တရုတ်နိုင်ငံကိုခေါ်ပြီး တခမ်းတနားဆုပေးတတ်ပါတယ်၊ အရင်ကလည်း မြန်မာကအကိုတစ်‌ယောက် First prize ရလို့ ဆုသွားယူဖူးပါတယ်၊ ကျနော်ရတဲ့ နှစ်‌မှာတော့ COVID 19 ရောဂါကြောင့် အွန်လိုင်းကနေပဲ ဆုပေးပွဲတက်ရောက်လိုက်ရပါတယ်၊ ဒါကတော့ မှတ်မှတ်ရရပါပဲ

ဒီဆုရပြီးတဲ့ ‌နောက်ပိုင်းမှာတော့ ကျနော်ဟာ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ တော်တော်များများကို ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်၊ ဒီဓာတ်ပုံက တစ်ခြားပွဲတွေမှာလည်း ဆုတွေ အကြိမ်ကြိမ်ထပ်ရပါသေးတယ်၊ အဲ့မှာ ပိုသိလာတာက နိုင်ငံတကာပြိုင်ပွဲတွေက မြန်မာ့လက်ရာတွေက ကြိုက်နေတုန်းပဲ ဆိုတာကိုပါ၊ ဒီလို ဓာတ်ပုံမျိုးက ကျနော်တို့နိုင်ငံမှာ ဓာတ်ပုံဆရာတိုင်းရှိနေတာဆိုတော့ မြန်မာနိုင်ငံကပွဲ ဘယ်ပွဲပြိုင်ပြိုင် ဆုရဖို့ လမ်းမမြင်ပါဘူး၊ ဘာလို့ဆို အားလုံးအမြင်မှာ ရိုးနေလို့ပါ၊ ဒါပေမယ့် နိုင်ငံခြားမှာတော့ ဒါဟာ ဆန်းနေပါသေးတယ်၊ ကောင်းနေပါသေးတယ်၊ ဒိုင်တွေလည်း ကြိုက်နေပါသေးတယ်

ပြိုင်ပွဲတွေက တစ်ခုနဲ့တစ်ခုနဲ့ မတူသလို ဒိုင်တွေကလည်း တစ်ပွဲနဲ့တစ်ပွဲ မတူညီပါဘူး၊ ဒါကြောင့် ကျနော်တို့အမြင်မှာ ရိုးအီနေတဲ့ ဓာတ်ပုံတွေဟာ သူတို့မမြင်ဖူးသေးရင် သူတို့အတွက် ဆန်းနေနိုင်ပါတယ်၊ ပြိုင်ပွဲဆိုတာက ဒိုင်ရဲ့အကြိုက်ပေါ် မူ‌တည်နေပါတယ်၊ ဒိုင်ကကြိုက်လို့ အမှတ်များများပေးရင် ဆုရဖူးထားလည်း ရနေဦးမှာပါ၊ နောက်ပြီးတော့ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ အများစုက ဆုရဖူးပြီးသား ဓာတ်ပုံတွေကိုလည်း လက်ခံတတ်ကြပါတယ်၊ လက်မခံရင်လည်း စည်းကမ်းမှာ အတိအကျ ရေးပေးထားပါတယ်၊ စည်းကမ်းမှာ မရေးထားဘူးဆိုရင်တော့ ဆုရဖူးပြီးသားလည်း ထပ်ပြိုင်လို့ရပါတယ်၊ သူတို့ကြိုက်ရင် ရနေဦးမှာပဲ

တစ်ခါတစ်လေကျရင် ဒီပုံကြီးပဲ ဘာလို့ဆုရနေတာလဲ လို့ တွေးကောင်းတွေးမိပါလိမ့်မယ်၊ အဓိကကတော့ စည်းကမ်းသတ်မှတ်မထားရင်၊ ဒိုင်တွေက ဒီပုံကြိုက်နေသေးရင် ဆုရပြီးသားလည်း ‌ရနေဦးမှာပါပဲ၊ ဒါကြောင့် ကိုယ့်နိုင်ငံအမြင်မှာ ရိုးနေတဲ့ ပုံတွေကိုလည်း နိုင်ငံခြားက ကြိုက်နေနိုင်သေးတာကြောင့် စမ်းပြီးတော့မှ ပြိုင်ကြည့်သင့်ပါတယ်၊ ကိုယ့်ပုံက ဆုပေးဖို့ ထိုက်တန်လောက်အောင်တော့ အတန်အသင့်ကောင်းနေဖို့တော့ လိုအပ်ပါတယ်

ဒါက ကျနော့်ဘဝမှာ ပထမဆုံးနိုင်ငံတကာဆုကြီးရဖူးတဲ့ ဓာတ်ပုံလေးအကြောင်းနဲ့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံတွေအကြောင်း ဖြစ်ပါတယ်၊ နောက်လည်း တစ်ခြားနိုင်ငံတကာဆုရဓာတ်ပုံတွေ အကြောင်းကို ဆက်ရေးပေးပါဦးမယ်၊ အားလုံးပဲ နိုင်ငံတကာဓာတ်ပုံဆုကြီးတွေ ရရှိနိုင်ကြပါစေ

https://unescosilkroadphotocontest.org/en/winners-2019-2020

Youth Eye on the Silk Roads International Photo Contest 2019-2020

Category 2 (18-25 Years Old) - Gastronomy and Food Production

First Prize Winner - Fishermen’s Daily Catch = Canon 800D Camera + 18-55mm, 75-300mm

ရေးသားသူ - Aung Chan Thar