နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (01)

နိုင်ငံတကာဆုရဓာတ်ပုံတွေကို ဘယ်လိုတွေ ဖန်တီးရိုက်ကူးခဲ့တယ်၊ ဘယ်လိုအတွေ့အကြုံတွေ ရခဲ့တယ်၊ ဘာဆုတွေရခဲ့လဲဆိုတာကို စိတ်ရင်းနဲ့ ရေးသားဖော်ပြထားပါတယ်

ABOUT INTERNATIONAL AWARD-WINNING PHOTOS

Aung Chan Thar

10/6/20231 min read

နိုင်ငံတကာဆုရဓာတ်ပုံများအကြောင်း (၁)

ပုံမှန်အားဖြင့်ဆိုရင် ကျနော်တို့ ဓာတ်ပုံဝါသနာရှင်အများစုဟာ နိုင်ငံတကာဆုရဓာတ်ပုံတွေဆိုတာ ခရီးတွေ အများကြီးထွက်၊ ပိုက်ဆံတွေ အများကြီးအကုန်ကျခံပြီး ဓာတ်ပုံရိုက်ခဲ့လို့သာ ဆုကြီးတွေ ရကြတယ်လို့ ထင်နေတတ်ကြပါတယ်၊ ကျနော်လည်း အရင်က အဲ့လိုထင်ခဲ့ဖူးပါတယ်၊ ကျနော်တို့ထင်တဲ့အတိုင်းလည်း ခရီးတွေ ထွက်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ပိုက်ဆံတွေ အကုန်အကျခံပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ဆုရထားကြတာ ရှိပါတယ်၊ အဲ့လိုမဟုတ်ပဲ ကိုယ်ဘေးနားပတ်ဝန်းကျင်က သာမာန်အဖြစ်အပျက် အကြောင်းအရာလေးတွေကို ရိုက်ပြီး ဆုရသွားတာတွေလည်း အများကြီးရှိပါတယ်

ခရီးတွေ ထွက်ရိုက်ရင်တော့ သူများမမြင်ဖူးတာတွေ မြင်ရမယ်၊ ပိုက်ဆံတွေ အကုန်ကျခံပြီး ရိုက်ရင်လည်း သူများတွေ မမြင်ဖူးတာတွေကို ရိုက်ပြနိုင်ပါတယ်၊ ဒါကြောင့် ဆုရဖို့လည်း ရာခိုင်နှုန်းက ပိုများနိုင်ပါတယ်၊ ပြိုင်ပွဲတွေမှာကျတော့ ခေါင်းစဉ်နဲ့လည်း ကိုက်မယ်၊ ကိုယ်ရိုက်ပြထားတဲ့ မြင်ကွင်းကလည်း မြင်ဖူးနေကြမဟုတ်တဲ့ မြင်ကွင်း‌မျိုးတွေဆို အမှတ်ပိုရနိုင်ပါတယ်၊ ဒါကြောင့် ခရီးတွေ ထွက်ရိုက်နိုင်ရင်တော့ ပိုကောင်းပါတယ်၊ ဒီလိုမှမဟုတ်ပဲ ကိုယ့်အနီးအနားက ပတ်ဝန်းကျင်ကိုပဲ ပိုဂရုစိုက်ပြီး ရိုက်မယ်ဆိုရင်လည်း ရပါတယ်

2020-2021 ကာလတွေက ကျနော်တို့အတွက် အရမ်းခက်ခဲခဲ့ပါတယ်၊ COVID 19 ကပ်ရောဂါကြောင့်ရော၊ တခြားသောအကြောင်းတွေကြောင့်ရော ကျနော်တို့ဟာ ခရီးတွေ ထွက်ခွင့်မရကြပဲ Stay home နေခဲ့ရတဲ့ အချိန်တွေ အရမ်းများခဲ့ပါတယ်၊ လုပ်စရာလည်း သိပ်မရှိတော့ အဲ့ဒီအချိန်တွေမှာ ကျနော်က Online က ဓာတ်ပုံပြိုင်ပွဲတွေကို ရှာဖွေခဲ့ပြီး တစိုက်မတ်မတ် ပြိုင်ဖြစ်ခဲ့ပါတယ်

ခရီးတွေကလည်း ထွက်လို့မရတော့ အရင်က ရိုက်ဖူးတဲ့ ပုံတွေကို သေချာပြန် Edit ပြီး ပြိုင်ပါတယ်၊ ကိုယ့်ပတ်ဝန်းကျင် အနီးတစ်ဝိုက်က အရာတွေကို ပိုသတိထားမိပြီး ပိုရိုက်ဖြစ်လာပါတယ်၊ ကျန်းမာရေးအရ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို လိုက်လံစူးစမ်းတတ်သလို တခါတလေ ဆိုင်ကယ်လေးစီးပြီး ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလေးတွေ လိုက်ရှာနေမိတတ်ပါတယ်

တစ်ရက်တော့ ဘားအံမြို့ရဲ့ ရပ်ကွက်အစွန်ကျတဲ့ ခြေတံခြေအိမ်လေးတွေဘက်ကို ရောက်သွားပါတယ်၊ မိုး‌တွင်းဆိုတော့ မြစ်ရေလျှံရင် ဘားအံမြို့ရပ်ကွက်တွေထဲကို ရေတွေ ဝင်လာတတ်ပါတယ်၊ ဒါက နှစ်တိုင်းလိုလို ဖြစ်နေကြပါပဲ၊ ဒါတွေကို သိလို့ဖြစ်မယ်၊ အဲ့ဒီ ‌ရပ်ကွက်ထဲက အိမ်လေးတွေကို ခြေတံရှည်လေးတွေ ဆောက်ထားကြပါတယ်၊ ရေကြီးလာရင်လည်း သူတို့နေတဲ့ ကြမ်းပြင်ဆီကို မရောက်လိုပါဘူး၊ ရေတော်တော်ကြီးတဲ့ နှစ်တွေဆိုရင်တော့ ကုန်းဘက်ကို‌ ရွေ့‌ပြောင်းနေထိုင်ကြရပြီး ပုံမှန်ရေကြီးတာလောက်ကတော့ သူတို့အတွက် အေးဆေးပါပဲ၊ ဒါတွေဟာ သူတို့အတွက် စိတ်ဓာတ်ကျအားငယ်စရာလို့ မမြင်တော့ပဲ သူတို့ဟာ ပုံမှန်အတိုင်းပဲ ကိုယ့်ရဲ့ နေ့စဉ်အလုပ်တွေကို လုပ်နေကြပါတယ်၊ မိဘတွေက စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်နေကြတာကြောင့် အများအားဖြင့် သက်ကြီးရွယ်အိုလူကြီးတွေနဲ့ ကလေးတွေပဲ အိမ်တွေမှာ ကျန်နေတတ်ပါတယ်

တစ်ချို့က ငါးဖမ်းကြတယ်၊ တစ်ချို့က ပိုက်ချကြတယ်၊ ကလေးတွေကတော့ ကလေးသဘာဝအလျောက် ရေချိုးတဲ့သူကချိုး၊ လှေလှော်ပြီး လိုက်ကစားတဲ့သူက ကစား၊ တစ်ချို့က ငါးမြှားတဲ့သူက မြှားနဲ့ သူတို့ဟာ အေးအေးဆေး‌ဆေး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားလာ လှုပ်ရှားရုန်းကန်နေကြပါတယ်၊ မိုးတွင်းအတွက် အသင့်ဆောင်ထားတဲ့ လှေငယ်လေးတွေဟာလည်း မိုးရာသီမှာတော့ သူတို့အတွက် ခြေထောက်တွေဖြစ်လာပါတယ်၊ ကျနော်လည်း သူတို့ရဲ့ ဘဝဖြတ်သန်းပုံလေးကို ကြည့်ပြီး အတော်သဘောကျမိသွားပါတယ်၊ ဒါကြောင့် နေတိုင်းလိုလို အဲ့ရေတွေကြီးနေတဲ့ ရပ်ကွက်ထဲကို လှေတစ်စီးငှားပြီး လိုက်ပတ်ကြည့်ပြီး ဓာတ်ပုံလိုက်ရိုက်ပါဝောာ့တယ်၊ လူကြီးတွေရော၊ ကလေးတွေရောက အားလုံးဖော်ရွေကြတာကြောင့် ကျနော်ဓာတ်ပုံရိုက်ရတာ စိတ်အနှောက်အယှက်မရှိပဲ ပေါ့ပါးနေ‌ပါတော့တယ်

အဲ့တုန်းက Vivo က ကျင်းပတဲ့ Vivo Vision+ Mobile Photography Awards 2021 ကလည်း ဓာတ်ပုံပြိုင်ပွဲခေါ်နေတာကြောင့် ဒီပုံလေးတွေနဲ့ ဝင်ပြိုင်ဖို့ စိတ်ကူးမိပါတယ်၊ အဲ့‌ဒီပြိုင်ပွဲရဲ့ အားသာချက်ကတော့ Vivo ဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတင်မဟုတ်ပဲ တခြားဘယ်ဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံမဆို ဝင်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်၊ ကျနော် အဲ့တုန်းက ဒီပုံ‌လေးတွေကို Xiaomi ကထုတ်တဲ့ RedmiK30pro နဲ့ ရိုက်ခဲ့တာ ဖြစ်ပါတယ်၊ ဖုန်းကတော့ 4-5သိန်းဝန်းကျင်လောက်ပဲ တန်ပါတယ်၊ ဒါပေမယ့် Xiaomi ဖုန်းတွေက ပေးရတဲ့ဈေးနဲ့တန်အောင် Camera ပိုင်းတွေမှာ သေချာလုပ်ပေးပါတယ်၊ RedmiK30pro ဆိုရင် Main camera က 64 MP ရပြီး Wide shot တွေမှာဆိုရင် 13 MP ရပါတယ်၊ ဒီပုံလေးတွေကို ရိုက်တုန်းက Main Camera နဲ့ Wide shot တွေကို အဓိကသုံးပြီး ရိုက်ကူးခဲ့ပါတယ်၊ သာမာန်ရိုက်ချက်တွေကိုတော့ Auto နဲ့သာရိုက်ပြီး ဂျွန်းထိုးနေတဲ့ ကလေးပုံလို အမြန်ရိုက်ချက်တွေဆိုရင်တော့ Burst mode အသုံးပြုပြီး ရိုက်ခဲ့ပါတယ်၊ Burst mode ကိုသုံးပြီး ဆက်တိုက် ဖိရိုက်မယ်ဆိုရင် လှုပ်ရှားမှုတိုင်းကို မလွတ်တမ်းဖမ်းယူပေးထားနိုင်မှာ ဖြစ်ပါတယ်၊ Mobile Camera Setting မှာ Burst mode ဆိုတာလေးကို ရွေးပေးထားရင် Shutter ခလုတ်ကို ဆက်တိုက်ဖိထားပြီး ရိုက်နေရုံပါပဲ

ဒီပုံလေးတွေ ရိုက်တုန်းကလည်း ပေါ့ပေါ့ပါးပါးပဲမိုလို့ ဆုကြီးရမယ်လို့တောင် မထင်ထားမိပါဘူး၊ ViVo VISION+ Mobile Photography Awards မှာ Finalists ဝင်တဲ့ပုံတွေက အများကြီးပဲမို့ တခြားပုံတွေကိုပဲ ဆုရမယ်လို့ ထင်နေမိခဲ့တာပါ၊ အဲ့ဒီတခြားပုံတွေကလည်း ကျနော်တို့အထင်ကြီးတတ်တဲ့ ခရီးတွေထွက်ပြီး ရိုက်ထားတဲ့ပုံတွေ၊ ပိုက်ဆံတွေအကုန်ကျခံပြီး ရိုက်ထားတဲ့ ပုံတွေပါပဲ၊ ဒါပေမယ့် ဆုရတော့ ဒီလို ပေါ့ပေါ့ပါးပါးရိုက်ထားမိတဲ့ ပုံလေးတွေက ရသွားပါတယ်

ကျနော့်ပုံလေးတွေကို ဘာလို့ဆုပေးရတာလဲဆိုတာကို ဒိုင်တွေကပေးထားတဲ့ မှတ်ချက်လေးကိုလည်း မျှဝေပေးချင်ပါတယ်၊ ဖတ်ကြည့်ပါ

"This picture describes the life of people living on the water and shows their positive attitudes towards life in a simple and plain way"

အဲ့ဒီ Vivo Vision+ Mobile Photography Awards 2021 ရဲ့ Professional Group - Documentary project ကဏ္ဍမှာ ဒီရေပေါ်အိမ်ပုံလေးတွေနဲ့ Category Winner ဆုကို ရရှိခဲ့ပါတယ်၊ Category Winner ဆုအတွက် ဆုကြေးအဖြစ် အဲ့ချိန်တုန်းက သိန်း (၂၀)ကျော်ဝန်းကျင်ရှိတဲ့ VivoX70Pro+ ဖုန်းတစ်လုံးပေးပါတယ်၊ ကျနော်နဲ့အတူ အဲ့ဒီပွဲမှာ မြန်မာကသုံးယောက်ဆုရခဲ့တာ ဖြစ်ပါတယ်၊ အဲ့ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း 348,878 တောင် ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်၊ နိုင်ငံပေါင်း 40+ ဝင်ပြိုင်ခဲ့ကြတာမို့ ဆုရဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ခဲ့ပါဘူး၊ ကျနော်တို့ဟာ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတတ်တဲ့အရာတွေကို တွေ့နေ၊မြင်နေကြမို့ သိပ်ပြီးဂရုတစိုက်မရှိကြပဲ ဓာတ်ပုံရိုက်ဖို့ကိုလည်း မစဉ်းစားမိတတ်ကြပါဘူး၊ အများသူငါ ခရီး‌တွေထွက်ပြီး ရိုက်ထားတဲ့ပုံတွေကို အားကျပြီး သူတို့လိုတွေရိုက်မှ ဆုရမယ်လို့ ထင်နေမိတတ်ကြပါတယ်၊ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်က အရာလေးတွေကလည်း မြင်တတ်၊ ရိုက်တတ်မယ်ဆိုရင် ကမ္ဘာကိုတိုးနိုင်ပြီး နိုင်ငံတကာဆုတွေလည်း ရရှိနိုင်ပါတယ်

ဒီပုံလေးတွေ ရိုက်တဲ့နေရာဆို သာမာန်ရပ်ကွက်လေးပါပဲ၊ ရိုက်တဲ့ဖုန်းဆိုရင်လည်း သာမာန်ဖုန်းတစ်လုံးပါပဲ၊ ဒါ‌ပေမယ့် ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့ဓာတ်ပုံပညာတွေနဲ့ ပေါင်းဆက်ပြသနိုင်မယ်ဆိုရင်တော့ နိုင်ငံတကာဆုတွေကို ရရှိနိုင်ပါတယ်၊ ဇွဲရှိဖို့လည်း လိုပါတယ်၊ ငါ့အိမ်နားလေးမှာပဲ နောက်မှရိုက်တော့မယ်ဆိုပြီး ပျင်းနေရင်တော့ အခိုက်အတန့်ကောင်းတွေကို လက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ်

အားလုံးပဲ ကိုယ့်ပတ်ဝန်းကျင်က အရာတွေကို ပိုသတိထားမိပြီ နိုင်ငံတကာဓာတ်ပုံဆုကြီး‌တွေ ပိုင်ဆိုင်နိုင်ကြပါစေ

https://visionplus.vivo.com/workpublicity/en

Vivo Vision+ Mobile Photography Awards 2021

Professional Group - Documentary project / Category Winner - Floating houses = Vivo X70 Pro Plus

ရေးသားသူ - Aung Chan Thar

About International Award-Winning Photos (01)